www.mizzimaburmese.com မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။
အရှင်ကေလာသ
အောက်တိုဘာ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်
အခုတလော အင်တာနက် သတင်းတွေမှာ အာဏာရှင်တွေကို လူသတ်ဖို့ အကြံပေးတဲ့ ဆရာတော် တပါးရဲ့ အသံဖိုင်ကို နားထောင်ရလို့ တုန်လှုပ်မိပါတယ်။ ဒါလောက် ဗုဒ္ဓသာသနာကို စော်ကားရဲတဲ့ အသံရှင် ‘ဆရာတော်’ ဆိုသူဟာ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ သိချင်လာပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မိတ်ဆွေ ရဟန်းတချို့ကို ရနိုင်သမျှ စုံစမ်းကြည့်ပါတယ်။ သူတို့ အားလုံးကတော့ ပဲခူးက ဆရာတော် တပါးရဲ့ အသံပဲလို့ ပြောကြပါတယ်၊ အာဏာရှင်တွေရဲ့ လုပ်ကြံ ဖန်တီးမှုလည်း ဖြစ်နိုင်တာမို့ စာရေးသူ အနေနဲ့တော့ အသံရှင် ဆရာတော် ဆိုသူကို ကိုယ်တိုင်လည်း မမြင်ဖူး၊ အသံကိုလည်း အပြင်မှာ တခါမှ မကြားဖူးတဲ့အတွက် အသံရှင် ပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ ယတိပြတ် မပြောလိုပါဘူး။
ဒါပေမဲ့ အသံဖိုင်မှာ ပါတဲ့အတိုင်း ဆိုရင် အသံရှင် ဘုန်းကြီးဟာ “ခမဲပြင် နိဗ္ဗာန်ကားလမ်းကို ဦးစီးပြီး ဖောက်လုပ်တယ်။ မီးရထား ဝန်ကြီးက သူ့ကို ကူညီ ပေးတယ်လို့ နားလည်ရပါတယ်။ ပရိသတ်ထဲမှာ ပါနေတဲ့ ယခု မီးရထားဝန်ကြီး “အောင်မင်း“ ဟာ အရင်တုန်းက တောင်ပိုင်းတိုင်းမှူး ဖြစ်ခဲ့တာမို့ ပဲခူးတိုင်း၊ ကဝမြို့နယ်က ခမဲပြင်ရွာနဲ့ နိဗ္ဗာန်ရွာ ကားလမ်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသံဖိုင်မှာ “ဆရာတော့် ကျောင်းမှာ သံဃာ တထောင်ကျော် တထောင့် နှစ်ရာလောက် နေ့တိုင်း ဆိုရတယ်၊ ကဲ ... လိုက်ဆိုစမ်း” လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် အသံရှင်ဟာ ပဲခူးနယ်က သံဃာ ၁၂ဝဝ လောက်ရှိတဲ့ ကျောင်းတိုက်ကြီး တခုက ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး အဆင့်ရှိတဲ့ လူတွေကို စကားပြောခွင့် ရတာမို့လို့ အဲဒီ ကျောင်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ ဖြစ်ပါလိမ့်မယ်။ အသံရှင်ဟာ မည်သူပင် ဖြစ်စေ သူ့လုပ်ရပ်က သံဃာထု တရပ်လုံးကို သိက္ခာကျစေတာ ဖြစ်လို့ ငြိမ်မနေသင့်ပါဘူး။ အသံရှင် အစစ်အမှန်ကို သိဖို့ထက် သူလုပ်တဲ့အလုပ် မမှန်တာကို ထောက်ပြဖို့က ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။
အသံရှင် ပြောတဲ့စကား
အသံရှင်က အာဏာရှင်တွေကို ပြောတဲ့စကားကို စဉ်းစားကြည့်ပါမယ်။
အသံရှင်ဘုန်းကြီးက ပရိသတ်ကို - “အတိုက်အခံတွေဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေလား၊ ရန်သူလား” လို့ မေးပြီး အသံရှင်ကိုယ်တိုင် “ရန်သူ” လို့ ရှေ့က ဖြေလိုက်တော့ ... အာဏာရှင် ပရိသတ်က “ရန်သူပါ ဘုရား” လို့ လိုက်ပြီးတော့ အော်တယ်။
အဲဒီနောက် အသံရှင်က “မီးကြွင်း မီးကျန်လည်း မထားနဲ့၊ ရန်ကြွင်း ရန်ကျန်လည်း မထားနဲ့။ မြန်မြန်ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်၊ လွှနဲ့ ပြတ်ရင် လွှနဲ့ဖြတ်၊ တုတ်နဲ့ပြတ်ရင် တုတ်နဲ့ဖြတ်၊ ဓားနဲ့ပြတ်ရင် ဓားနဲ့ဖြတ်၊ ပုဆိန်နဲ့ပြတ်ရင် ပုဆိန်နဲ့ဖြတ်၊ လက်သီးနဲ့ပြတ်ရင် လက်သီးနဲ့ဖြတ်။ ဝန်ကြီး ... မြန်မြန်ဖြတ်ဆိုတာ နားလည်သွားပြီလား” လို့ ဆက်မေးတယ်။ ဝန်ကြီးဆိုသူနဲ့ အပေါင်းပါတွေက “နားလည်ပါပြီ ဘုရား“ တဲ့။ အတိုင်အဖောက် ညီလိုက်တဲ့ ဖြစ်ခြင်း။ ဝန်ကြီးတွေကိုတောင် သြဝါဒ ပေးခွင့်ရှိတဲ့ သံဃာ့ ခေါင်းဆောင် ဆရာတော် တပါးရဲ့ နှလုံးသားဟာ ဒါလောက် အောက်တန်းကျပြီး မယုတ်မာသင့်ပါဘူး။ “ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်၊ ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုး၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုး” လို့ဆိုတဲ့ လက်စားချေ တရားနဲ့ ဘာထူးသေးလဲ။ “လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်” လို့ ပြောတဲ့ အသံရှင်ကို လူ့အရည်အချင်းဆိုတာ ဘာလဲ၊ ကိုယ်တိုင်ကော လူ့အရည်အချင်း ရှိရဲ့လားလို့ ပြန်မေးရလိမ့်မယ်။
အသံဖိုင် တခုလုံးရဲ့ လိုရင်းကတော့ အတိုက်အခံတွေကို ရန်သူလို့ သတ်မှတ်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်ဖို့ အာဏာရှင်တွေကို “ဆရာတော်” ဆိုသူ အသံရှင်ဘုန်းကြီးက “လမ်းညွှန်တာ၊ တိုက်တွန်းတာ၊ အားပေးတာ၊ သတ်ပစ်ဖို့ ခိုင်းတာ” ဖြစ်ပါတယ်။ ဒါကြောင့် အသံရှင် ဘုန်းကြီးဟာ ဘယ်နည်းနဲ့မှ လူ့အရည်အချင်းရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။
ဝိနည်းအပြစ် ဘာလဲ
(၁) လမ်းပေါ်မှာ မေတ္တာ ပို့နေကြတဲ့ ရဟန်းတော်တွေဟာ လူသားစင်စစ် ဖြစ်ပါတယ်။
(၂) သူတို့တွေ အသက်ရှင်နေတယ် ဆိုတာကိုလည်း အသံရှင်ဘုန်းကြီး သိပါတယ်။
(၃) “ဒုတ်နဲ့ ဖြတ်၊ ဓားနဲ့ ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်” လို့ အူလှိုက်သဲလှိုက် ပြောလိုက်တဲ့ အသံရှင်ရဲ့ စကားထဲမှာ သေစေလိုတဲ့ စေတနာ မပါဘူးလို့ ငြင်းလို့ မရပါဘူး။
(၄) အဲဒီလို ရန်သူကို အမြစ်ပြတ် ရှင်းပစ်ဖို့ အာဏာရှင်တွေကို ညွှန်ကြားတဲ့အခါ လက်နက် အမျိုးအစား၊ အချိန်ကာလ၊ နေရာဒေသ စတဲ့ သတ်မှတ်ချက်တွေ မပါလို့ အာဏာရှင်ရဲ့ လက်ပါးစေ လူသတ်သမားတွေက ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လက်နက်၊ ဘယ်နည်းနဲ့မဆို ဘယ်သူ့ကိုပဲ သတ်သတ် စေခိုင်းသူ အသံရှင်ဘုန်းကြီးရဲ့ ပယောဂ မကင်းတာ သေချာပါတယ်။
(၅) ရဟန်းသံဃာတွေ၊ လူတွေ သေနတ်နဲ့ ပစ်ခံရ၊ ဒုတ်နဲ့ ရိုက်ခံရ၊ နည်းမျိုးစုံ နှိပ်စက်ခံရလို့ လမ်းပေါ်မှာ တမျိုး၊ မြစ်ထဲမှာ ပေါလောမျောလို့ တဖုံ၊ လူမသိ သူမသိနဲ့ပါ သေကြေတာကို ကမ္ဘာ အရပ်ရပ်က ရုပ်မြင်သံကြားတွေ၊ အသံလှိုင်းတွေမှာ သန်းချီတဲ့လူတွေ မြင်ရကြားရပြီး ဖြစ်ပါတယ်။ ဘာမှ အပြစ်မရှိတဲ့ ဂျပန် သတင်းထောက်ကို အာဏာရှင် လက်ပါးစေတွေက သေနတ်နဲ့ ပစ်သတ်လိုက်ပုံ အသေးစိတ်ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာ ပြသတာကို တွေ့မြင်ရလို့လည်း တကမ္ဘာလုံးက လူတွေ မျက်ရည်ကျမတတ် ခံစားခဲ့ကြရပါတယ်။
ဒါကြောင့် ရဟန်းသံဃာနဲ့ လူတွေကို အပြတ် ရှင်းပစ်ဖို့၊ သတ်ပစ်ဖို့ အာဏာရှင်တွေကို လမ်းညွှန် သြဝါဒပေးတဲ့ အသံရှင် ဘုန်းကြီး အနေနဲ့ ဝိနည်းကို သင်ဖူးတယ်ဆိုရင် ဖော်ပြထားတဲ့ “လူသတ်အင်္ဂါ ငါးရပ်” နဲ့ ပြည့်စုံနေလို့ မိမိဟာ ရဟန်းကောင်း၊ ရဟန်းစစ် မဟုတ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် သိနေလောက်ပါပြီ။ အသံဖိုင်ထဲက တချို့ စကားလုံးတွေဟာ သူတော်ကောင်း ရဟန်းတွေ ပြောဆိုကောင်းတဲ့ စကားမျိုး မဟုတ်ပါဘူး။ အာဏာရှင်ကို ဒံပေါက်ထုပ်ကလေး ပေးလိုက်နိုင်တာကို “ဖား” စိတ်နဲ့ အသားယူ ပြောတာမျိုး၊ “ဝန်ကြီး” “ဗိုလ်ချုပ်ကြီး” စတဲ့ မြှောက်ကော် ဝေါဟာရတွေနဲ့ ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေကြောင့် အလှူပစ္စည်း ရအောင်ကြံတတ်တဲ့ “ကုဟက” “လပက” လို့ ခေါ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ “သီလကြောင် ပုဂ္ဂိုလ်” ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ ဘုန်းကြီးအတုဆိုတာ တခြား သွားမရှာပါနဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ အာဏာရှင်တွေဟာ မိမိကို ပေါင်းစားတဲ့ “ကြောင်သူတော်တွေ” ကို ဆည်းကပ်လေ့ ရှိပါတယ်။
သူတော်ကောင်း ရဟန်းတပါးအနေနဲ့ ကိုယ့်တဝမ်းတခါး စားရဖို့ လူဒါယကာ တယောက်ကို အဲဒါလောက် မြှောက်ပင့်ခယ ဝပ်တွားစရာ မလိုပါဘူး။ ဘုရားတန်ဆောင်းတွေမှာ ချိတ်ထားတဲ့ ကောသလမင်း အိပ်မက် သရုပ်ဖော် ပန်းချီကားချပ်တွေမှာ တွေ့ရတဲ့ ခွေးလိုလို၊ ဆိတ်လိုလို ကောင်တွေကို ဦးခေါင်းသေးသေး၊ နှာခေါင်းကြီးကြီး၊ နဖူးမောက်မောက်နဲ့ ခွေးခြင်္သေ့တွေ ဝန်းရံ ခစားနေတာကို အမှတ်ရစေပါတယ်။ တကယ့်ကို ဇောက်ထိုး ပြောင်းပြန်ကြီးပါ။
စဉ်းစားကြည့်ပါ
ကိုယ်တယောက် ရနိုင်စရာရှိတဲ့ မဆိုစလောက် အခွင့်အရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုကို အားပေး အားမြှောက်လုပ်ရင် ကိုယ်အပါအဝင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ စဉ်းစား ကြည့်စေချင်ပါတယ်။
(၁) အသံရှင် ကိုယ်တိုင်မှာ အလိုအလျောက် ရဟန်းအဖြစ်က လူ့အဖြစ်သို့ လျှောကျ သွားခဲ့ရတယ်။ (သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ အာဏာရှင်တွေ သုံးနှုန်းတဲ့ သင်္ကန်းဝတ်ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်သင့်ပါတယ်)။
(၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မငြိမ်းတဲ့အပြင် ရဟန်းသံဃာ၊ တိုင်းပြည့်လူထုနဲ့ အာဏာရှင် လူတစုအကြား ရန်òငိးတွေ ပိုမို ကြီးထွားသွားခဲ့ရတယ်။
(၃) အပြစ်မဲ့တဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူ များစွာတို့ မသေသင့်ဘဲ သေဆုံးကြရတယ်။
(၄) အနာဂတ် ဗုဒ္ဓသာသနာရဲ့ အာဇာနည်လောင်းတွေ ဖြစ်တဲ့ စာသင်သား သံဃာငယ်တွေ အတင်းအဓမ္မ လူဝတ် လဲခံရတယ်။
(၅) ဗုဒ္ဓကျမ်းစာကို သင်ကြား ပို့ချပေးတဲ့ စာသင်တိုက်ကြီးတွေ ညအချိန်မှာ စစ်နယ်မြေက ရန်သူ့စခန်းလို ဥပဒေမဲ့ အဓမ္မ ဝင်ရောက် စီးနင်း၊ လုလက်ဖျက်ဆီး၊ သတ်ဖြတ် ခံကြရတယ်။
(၆) “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ဗုဒ္ဓအဆုံးအမ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ ရိုင်းစိုင်း ရက်စက်မှုတွေ ဖြစ်ပေါ်နေတာကို ကမ္ဘာက သိမြင်သွားလို့ တမျိုးသားလုံး အရှက်တကွဲ ဖြစ်ရတယ်။
(၇) အာဏာရှင်တွေ သက်ဆိုးရှည်သလောက် တိုင်းပြည် လူထုရဲ့ဘဝ ဆင်းရဲတွင်း နက်စေတယ်။
လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်လို့ အာဏာရှင် ပရိသတ်ကို လိုက်ဆိုခိုင်းခဲ့တဲ့ ဆရာတော်ဆိုသူ အာဏာရှင်ရဲ့ အလိုတော်ရိ “ဖော်လံဖား” ကိုယ်တိုင်မှာ လူ့အရည်အချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့လို့ ဖော်ပြပါ အကျိုးဆက်တွေ ဖြစ်ခဲ့ရတာပါ။
မသူတော်ကို ရှောင်ပါ
အသံရှင် ဘုန်းကြီးအနေနဲ့ အာဏာရှင်ကို ထောက်ခံတယ် ဆိုရင်လည်း သူ့ရဲ့ ရွေးချယ်မှုပဲ ဖြစ်လို့ မဝေဖန်လိုပါဘူး။ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမဲ့ အသံရှင် “ဆရာတော်” ဆိုသူရဲ့ နည်းလမ်းမကျ မှားယွင်းတဲ့ လမ်းပြစကား၊ လူတွေကို သတ်ဖြစ်အောင် အားပေးတဲ့ စကားတွေကြောင့် လက်နက်ဆိုလို့ မေတ္တာ ပို့သံမျှသာ ပါရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး မိမိဆန္ဒကို ဖော်ပြနေကြတဲ့ အပြစ်မရှိတဲ့ စာသင်သား ရဟန်း သံဃာတော်တွေ၊ ကျောင်းသား လူငယ်တွေ၊ ပြည်သူပြည်သားတွေ မမြင်ရက်၊ မရှုရက်လောက်အောင် သွေးမြေကျရတာကတော့ သမိုင်းတွင်ရစ်တဲ့ တကယ့် အဖြစ်ဆိုးကြီးပါ။
ဒါကြောင့် ၁၂ဝဝ ကျော်ရှိတဲ့ အဲဒီ ကျောင်းတိုက်က တပည့် သံဃာတော်တွေကိုရော ထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုပါ “အသေဝနာ စ ဗာလာနံ” ဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း သူတော်ကောင်း မဟုတ်တဲ့ အဲဒီလို သူတော်ယောင် ပုဂ္ဂိုလ်မျိုးကို ရှောင်ကြဉ်ဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလိုပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ပံ့ အားပေးနေအုံးမယ်၊ ဆရာအဖြစ် ကိုးကွယ်နေအုံးမယ် ဆိုရင် လူမိုက်နောက်လိုက်၊ အဓမ္မရဲ့ ဘက်တော်သားတွေပဲ ဖြစ်နေမှာမို့ပါ။
အာဏာရှင်တွေရဲ့ သံဃာကို သင်းခွဲတဲ့ လုပ်ကြံဖန်တီးမှု မဟုတ်ရင် ဒီအသံဖိုင်ကို စစ်ရုံးကနေ အပြင်ရောက်အောင် ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ အဓမ္မကို အဓမ္မမှန်း သိတဲ့ လူကောင်း သူကောင်း တယောက် ဖြစ်ပါလိမ့်မယ်။
သြဝါဒဆိုတာ
အသံဖိုင်ထဲမှာ “သြပါဒ ခံယူပွဲ” တဲ့။ စကားလုံး ဝေါဟာရကတော့ ခမ်းနားလှပါရဲ့။ ဒါပေမဲ့ စကားလုံး လှပသလောက် အလုပ်က အရုပ်ဆိုးနေပါတယ်။ ဟုတ်ပါတယ်၊ သြဝါဒဆိုတာ မကောင်းတာကို မလုပ်ဖို့ တားမြစ်ပြီး ကောင်းတာကို လုပ်ဖို့ ညွှန်ကြားတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်အောင် သင်ကြားပေးတာပါ။ “သြဝါဒ” ဟာ ဘယ်နည်းနဲ့မျှ “လူသတ်လမ်းညွှန်” မဖြစ်သင့်ပါဘူး။
ပထမ ရွှေကျင် ဆရာတော် ဘုရားကြီးရေးတဲ့ “ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်း” မှာ ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အရှင်ဒေဝဒတ် ကိုတောင် သားတော် ရာဟုလာနဲ့ထပ်တူ မေတ္တာ ထားတော်မူတယ်လို့ ရေးထားပါတယ်။
ဒါကြောင့် အာဏာရှင်တွေကို စကားပြောခွင့်ရတဲ့ အသံဖိုင်ထဲက အသံရှင် ဘုန်းကြီးအနေနဲ့ “ရန်လိုရင် ရန်ပိုတယ်၊ ရန်မလိုမှ ရန်ပြိုတယ်” ဆိုတဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကို ပေးလိုက်နိုင်ရင် အနည်းဆုံး အတိုက်အခံနဲ့ အာဏာရှင်တွေ အကြား ရန်သူလို သဘောမထားဘဲ တင်းမာမှုတွေ လျော့သွားပြီး အာဏာရှင်တွေ အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူကို မသတ်မိအောင် ဆင်ခြင်ကောင်း ဆင်ခြင်သွားစေ နိုင်ခဲ့မှာပါ။ ဒီလိုဖြစ်ခဲ့ရင် အသံရှင် ပုဂ္ဂိုလ်ဟာလည်း (ရွှေဥမင် ဆရာတော်ရဲ့ စကားအတိုင်း) “လောကတွင် အလွန့်ယောက်ျား” ဖြစ်သွားနိုင်ခဲ့မှာပါ။ ခုတော့ သူ့ခမျာ တသက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ၊ လုပ်ဆောင်ချက်တွေ တခါတည်း စုန်းစုန်း နစ်ရရှာပြီပေါ့။
(ဗုဒ္ဓသာသနာကို ထိခိုက်လွန်းလို့ပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ကို မရည်ရွယ်ပါဘူး။)