ပြည်သူ့အာဏာ စာစောင်မှ ကူးယူဖော်ပြထားပါသည်။
(ဗကပ နှင့် နေ၀င်းစစ်အုပ်စု နှစ်၆၀ ဆက်ဆံရေးမှ ကောက်ချက်)
ဂျပန်ခေတ်ကတည်းက နေ၀င်းစစ်အုပ်စု နှင့် ဗကပ ဆက်ဆံခဲ့ရသည်။ လွတ်လပ်ရေးတိုက်ပွဲကာလ၊ ပြည်တွင်းစစ်ကာလမှ ယခုတိုင်ဆက်ဆံရခြင်းဖြစ်၍ နှစ်၆၀ခန့်ရှိပြီ။ ထိုဆက်ဆံမှုများကို အကျဉ်းရုံး တင်ပြပါသည်။ ကောက်ချက်လည်း ဆွဲပြပါသည်။ ပြိုင်ဘက်မှ ရန်ဘက်သို့ တိုးတက်သွားသည့်ဆက်ဆံရေးဖြစ်ပါသည်။
ထို့ကြောင့် စစ်အုပ်စုနှင့် ယှဉ်ပြိုင်နေကြသော နိုင်ငံရေး အင်အားစုများအတွက် အကိုးအကားပြုရန် အသုံးတည့်နိုင်ပါသည်။
၂၀၀၂ ခုနှစ်တွင် အပြောင်းအလဲ ရှိမည်ဟု ကမ္ဘာက နိမိတ်ဖတ်ကြပါသည်။ သူတို့လိုချင်သည့်ဘက်ဆွဲ၍လည်း ပြောကြပါသည်။ မလေးရှား၏ ရပ်တည်မှုနှင့် လုပ်နေသော ကုလသမဂ္ဂကိုယ်စားလှယ်၏ ပြောစကားကိုယူ၍ နိမိတ်ဖတ်ကြခြင်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပ လူပြိန်းတွေမပြောနှင့် ဒီချူပ် ပြောရေးဆိုခွင့်ရှိသူကပါ ၀င်၍ နိမိတ်ဖတ်သဖြင့် အတော်ကလေး ဂယက်ထခဲ့ပါသည်။
ဆင်းရဲဒုက္ခအပေါင်းက လွတ်ချင်နေသော ပြည်သူလူထုကလည်း ဤတချီတွင် အကောင်းဘက်သို့ ပြောင်းတော့မည်ဟု ထင်ခဲ့ကြပါသည်။ ဇန္န၀ါရီ (၄) ရက်ကို မျှော်ခဲ့ကြပါသည်။ သို့သော် မျှော်ရကျိုးမနပ်ပါ။
ဤအခြေအနေတွင် ဗကပ က ၀င်ပြောသင့်ပြီဟု ထင်ပါသည်။ အနုအကြမ်း တလှည့်စီသုံးပြီး စကားပြောပွဲသို့အရောက် ပို့ထားရသည့် စစ်အုပ်စု နောက်ပြန်လှည့်သွားမည်းစိုးသောကြောင့် ထုတ်ပြန်ချက်များ ထုတ်ပြီး `စကားပြောပွဲ` ကို အားပေးခဲ့ပါသည်။ ကြားက အဖျက်သဘောဝင်ပြောသလိုဖြစ်မည်ကို ရှောင်ခဲ့ပါသည်။
ပြည်တွင်းသာမက ကမ္ဘာကိုပါ စစ်အုပ်စုက လှည့်ဖြားလာသောကြောင့် နေ၀င်းစစ်အုပ်စု နှင့် နှစ်၆၀ နီးပါးဆက်ဆံခဲ့ရသော သမိုင်းကို တင်ပြပါမည်။ ကောက်ချက်ဆွဲ၍ ပြပါမည်။
ဆက်ဆံရေးအစ။ ၁၉၄၃ အကုန် ၁၉၄၄ အတွင်းဖြစ်ပါသည်။ ဂျပန်စစ်ရှုံးတော့မည်မှာ သေချာနေပါပြီ။ ဂျပန် နှင့် ကိုယ်ရောစိတ်ပါ ပေါင်းခဲ့သော ဗစိန်၊ ထွန်းအုပ်ဂိုဏ်းသား ဗိုလ်နေ၀င်း ဂနာမငြိမ် ဖြစ်လာပါသည်။ ဗိုလ်အောင်ဆန်းက ဘေးချိတ်ထားသည်ဟု ထင်ပြီးမကျေမနပ် ဖြစ်နေကြသည့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး အစရှိသော ဗိုလ်များ နှင့် ဗိုလ်နေ၀င်း ပေါင်းမိပါသည်။ ဤသည်ပင် နေ၀င်း စစ်အုပ်စု၏ အစဖြစ်ပါသည်။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့မှာ ဗမာပြည် နိုင်ငံရေးလောကမှ ပင်မရေစီး (တို့ဗမာအစည်းအရုံး) နှင့် ကင်းကွာသူများမဟုတ်ပါ။ ကွန်မြူနစ်တို့၏ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို သိပါသည်။ ဗိုလ်အောင်ဆန်း၏ ကွန်မြူနစ် သံယောဇဉ် အကြောင်းသိပါသည်။
ကွန်မြူနစ်များ တပ်တွင်း၌ လှုပ်ရှားနေသည်ကိုလည်း သိပါသည်။ ထို့ကြောင့် ကွန်မြူနစ် နှင့် အပြိုင်လုပ်ရန် ဗိုလ်နေ၀င်းကို စီမံကိန်းချ၍ ဆရာမွေးပါသည်။ ဗိုလ်နေ၀င်းမှာ နိုင်ငံရေးသိက္ခာ မရှိရုံမက ကိုယ့်ကျင့်တရားပါ ပျက်နေသူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့ကို နိုင်ငံရေးသိက္ခာ တင်ပေးကြရ၊ ၀ိုင်းဝန်း၍ စိတ်ဓါတ်တင်ပေးကြရပါသည်။ ထိုအချိန်မှစ၍ ဗိုလ်နေ၀င်းသည် ဗိုလ်အောင်ဆန်းကို ကလန်ကဆန် လုပ်ဝံ့လာခြင်းဖြစ်ပါသည်။ ဗိုလ်အောင်ဆန်းက သူ့ကိုမယုံပါ။ သခင်သန်းထွန်း၏ ပါတီတွင်း မိမိကိုယ်ကို
ဝေဖန်ရေးစာတမ်းတွင် သူ့အမှားကြီး နှစ်ခုကို ဖွင့်ပြောဖူးပါသည်။ ဦးဘဖေကို ဖဆပလ ထဲကို သွင်းမိသည့်အမှား (ဗိုလ်အောင်ဆန်းက ဒီအချောင်သမားကြီးကို ဖဆပလထဲထည့်လို့ ကောင်းပါ့မလားဟု ဇဝေဇ၀ါဖြစ်နေသည်) နှင့် ဗိုလ်နေ၀င်းကို ပြင်းပြင်းထန်ထန် အရေးယူမည်လုပ်သောအခါ ၀င်၍ဗိုလ်နေ၀င်းကို ကာကွယ်ပေးခဲ့မိသည့်အမှားဟု တင်ပြပါသည်။ အင်္ဂလိပ်ပြန်ရောက်လျှင် စစ်တရားခံဖြစ်တော့မည်ထင်ပြီး ကြောက်နေသော ဗိုလ်နေ၀င်းသည် ဗစိန်၊ ထွန်းအုပ်တို့ နှင့် လမ်းခွဲလိုက်နိုင်ပါသည်။
(ဗိုလ်အောင်ကြီးသည် ဗိုလ်နေ၀င်းအပါ် သူ့ကျေးဇူးရှိဖူးသည်ကို ခဏခဏပြောသဖြင့် ဗိုလ်နေ၀င်း မကြည်ပါ။ အခြေခိုင်သောအခါ ဗိုလ်အောင်ကြီးကို ကန်ထုတ်ပါသည်။ )
အတိုချူပ်သော် ဗိုလ်နေ၀င်းသည် လက်ဝဲ အုပ်စုအတွင်းသို့ လျော့ရိလျော့ရဲ ဖွဲ့စည်းထားသော ဆိုရှယ်လစ်ပါတီမှ တဆင့် ရောက်ပါသည်။ ဥာဏ်ကြီးရှင် ဦးကျော်ငြိမ်း၏ စီမံကိန်းဖြင့် ဦးသိန်းဖေ(မြင့်)က လက်ဝဲညီညွတ်ရေး လုပ်ရာတွင် ဥက္ကဌဖြစ်လာပါသည်။ (ဗိုလ်ရန်အောင် တို့ကို ထောင်မှလွတ်၍ လက်ဝဲညီညွတ်ရေး တမန်တော် အဖြစ် တောထဲသွားစေပါသည်။ ပြည်ထဲရေးဝန်ကြီး အမိန့်မပါဘဲ ဤသို့ မလုပ်နိုင်ပါ။ ဤအထောက်အထားအရ ဦးကျော်ငြိမ်း စီမံကိန်းဖြစ်ကြောင်း သိသာပါသည်။ )
၁၉၄၄ က ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စီမံကိန်းကြောင့် လက်ဝဲဖြစ်လာသော ဗိုလ်နေ၀င်းသည် ၁၉၄၈ ဦးကျော်ငြိမ်း စီမံကိန်းဖြင့် လက်ဝဲညီညွတ်ရေး ဥက္ကဌဖြစ်လာပါသည်။ ဗိုလ်နေ၀င်းသည် ထိုစဉ်က နိုင်ငံရေးအာဏာကို မမျှော်မှန်းဝံ့ပါ။ ကာကွယ်ရေးဝန်ကြီး နေရာမျှသာ မှန်းပါသည်။ ဦးကျော်ငြိမ်းတို့ကသာ နိုင်ငံရေးအာဏာရရေးကို မှန်းပါသည်။ ဦးနု၏ တာတေစနေသား နှင့် ဦးသိန်းဖေ(မြင့်) ၏ ကျော်ငြိမ်းစီမံကိန်း အပြည့်အစုံကိုတွေ့ရပါမည်။ ဦးကျော်ငြိမ်းသည် ဦးနု၏ ပျော့ကွက် နှင့် ဦးသိန်းဖေ(မြင့်)၏ ပရမ်းပတာလုပ်ဟန်ကို အသုံးချ၍ ဗိုလ်နေ၀င်းကို ကာကွယ်ရေးဝန်ကြီးဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပါသည်။
သို့သော် လွယ်လွယ်တော့မဟုတ်ပါ။ ဗိုလ်ဇေယျ တောခိုရပါသည်။ (ဗိုလ်)ဦးတင်ထွဋ် လုပ်ကြံခံရပါသည်။ (ဦးတင်ထွဋ်မှာ နိုင်ငံခြားရေး
ဝန်ကြီးအဖြစ်မှ နုတ်ထွက်ပြီး စစ်ဗိုလ်လုပ်နေသူ ဖြစ်ပါသည်။ အပူတပြင်း လိုနေသော စစ်လက်နက်များ (အင်္ဂလိပ်လက်နက်) အိန္ဒိယ ထံမှရအောင် လုပ်ပေးနိုင်မည့်သူ ဖြစ်ပါသည်။ သူသည် ကာကွယ်ရေးဝန်ကြီးလုပ်နိုင်သူဖြစ်၍ ရှင်းပစ်ရသည်။)
ဗိုလ်နေ၀င်းကို စစ်တပ်အာဏာကိုင်ထားနိုင်သူဖြစ်အောင် ဆိုရှယ်လစ်များ ၀ိုင်း၍ ပင့်တင်ပေးလိုက်နိုင်ပါပြီ။
ဆက်ဆံရေးအလယ်။ ဖဆပလ နှစ်ခြမ်းကွဲသည်မှ စပါသည်။ `နိုင်ငံရေး အာဏာ´ သန့်ရှင်းယူမလား- တည်မြဲယူမလား- ပြဿနာ ပေါ်ပါသည်။
အစပိုင်းက `နိုင်ငံရေး အာဏာပြဿနာ´ မှာ အဓိကအားဖြင့် ဖဆပလနှင့် ကွန်မြူနစ်တို့၏ အားပြိုင်ပွဲဖြစ်ခဲ့သည်။ ၁၉၅၈ တွင် ဖဆပလ ကွဲသောအခါ `သန့်ရှင်း´ `တည်မြဲ´ အားပြိုင်ပွဲ အဖြစ် ပြောင်းသွားပါသည်။ ဦးနု၏ `သန့်ရှင်း´က မြေပေါ်ကွန်မြူနစ်ဟုဆိုသော
`ပမညတ´ အားကိုယူပြီး `နိုင်ငံရေးအာဏာ´လက်မလွတ်အောင်လုပ်ပါသည်။
`တည်မြဲ´တို့ ဆွေ့ဆွေ့ခုန် မခံမရပ်နိုင် ဖြစ်ကြပါသည်။ `ဦးကျော်ငြိမ်း စီမံကိန်းကြီး´ ရေစုန်မျောတော့မည်ကို စိုးရိမ်လာပါသည်။ ကာကွယ်ရေးဝန်ကြီးအာဏာဖြင့် တပ်တွင်းအင်အား စုစည်းမိပြီဖြစ်သော စစ်ဦးစီးချူပ် ဗိုလ်နေ၀င်းကို `နိုင်ငံရေး အာဏာ´အရယူ ခိုင်းပါသည်။ နေ၀င်း အိမ်စောင့်အစိုးရ ပေါ်ပါသည်။ ဗိုလ်နေ၀င်း၏လောဘကို တဆင့်တက်အောင် လုပ်ပေးသူများမှာ ဦးကျော်ငြိမ်းတို့ပင် ဖြစ်ပါသည်။ တည်မြဲက နိုင်ငံရေးအာဏာ မရလျှင် တည်မြဲဂိုဏ်းသား ဗိုလ်နေ၀င်း အာဏာရလျှင် ကျေနပ်ပြီဟု ဗြောင်ပင် ကြွေးကြော်ကြပါသည်။ ဗိုလ်နေ၀င်းကား `အိမ်စောင့်အစိုးရ´ ခေတ်တွင် `နိုင်ငံရေးအာဏာ´ အရသာ တွေ့သွားချေပြီ။ တိုင်းပြည်၏ ကံကြမ္မာကို အဆိုးဆုံးဘက်သို့ လှည့်စေတော့မည်။ ဖွတ်တကောင် မြစ်ထဲဆင်းမိပြီး မိချောင်းဖြစ်သည့်ကာလမှာ ၁၉၅၈ ခုနှစ်ဖြစ်သည်။
အိမ်စောင့်အစိုးရက ဗကပ ချေမှုန်းရေး ဇောက်ချလုပ်သည်။ သူတို့က မြေပေါ် ကွန်မြူနစ်ဟု ခေါ်သော ပမညတကို ဖိနှိပ်သည်။ ပမညတကား နာလန်မထူတော့ပါ။ ဗကပသည်လည်း ထိုကာလတွင် ရန်သူ့လက်ချက်ဖြင့် အထိနာဆုံးကာလဖြစ်ပါသည်။
`မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ တောထဲသွား ပင့်ခိုင်းနေတာ မဟုတ်ဘူး၊ လက်နက်ချမယ်မပြောရင် သတ်ပစ်ခဲ့´ ဟု တရားဝင် အမိန့်ထုတ်ပြီး ချေမှုန်းပါသည်။ ဗိုလ်သိန်း၊ ဗိုလ်အာဠာဝက တို့ကို အရှင်မိပြီးမှ သတ်ပါသည်။
KNU ကိုတော့ ဗကပ ချေမှုန်းရေး အတွက် ဆွဲဆောင်ပါသည်။ ဗိုလ်အောင်ကြီးတို့ KNU နှင့် (၃) ကြိမ် လျှို့ဝှက် ဆွေးနွေးပါသည်။ ၁၉၄၈ က ဗကပကို `အစိုးရ၏ ကရင်တပ်ရင်း´များဖြင့် ချေမှုန်းရေးလုပ်ခဲ့သလို ၁၉၅၈ တွင် KNU အကူအညီဖြင့် တမျိုးတဖုံလုပ်လိုခြင်း ဖြစ်ပါသည်။
ပမညတ နာလန်မထူတော့ခြင်းမှာ နေ၀င်းပေါ်လစီကြောင့်ဖြစ်ပါသည်။ ပြတ်သားသူကို ချေမှုန်း (ကိုကိုးကျွန်းပို့သည်။) မပြတ်သားသူ သိမ်းသွင်း (သူတို့ အဖမ်းမခံရပါ။ နောင်တွင် မဆလကို အလုပ်အကျွေးပြုသူများ ဖြစ်လာသည်။)
၁၉၆၂ ခုနှစ်တွင် `နိုင်ငံရေး အာဏာ´ ပြဿနာကြောင့် ထိပ်တိုက်တွေ့မှု အသစ်ဖြစ်လာပါသည်။ ဤတချီတွင် ထိပ်တိုက်တွေ့သူများမှာ ပထစ နှင့် ဖက်ဒရယ်မူ လက်ခံသူများက တဖက် နေ၀င်းစစ်အုပ်စုက တဖက်ဖြစ်ပါသည်။
(၁၉၆၂၊ မတ်လ ၂ ရက်) မှာ နေ၀င်းစစ်အုပ်စု မွေးဖွားလာသည့် တိုင်းပြည်အတွက် မကောင်းဆိုးဝါးနေ့ ဖြစ်ပါသည်။
ဆိုရှယ်လစ်ပါတီမှာ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် မရှူမလှ ရှူံးခဲ့ပါပြီ။ ဦးကျော်ငြိမ်းမှာ အမတ်အဖြစ်ပင် အရွေးမခံရပါ။ နေ၀င်းသည် အမှီသစ်ရှာပါသည်။ ဦးနုကို တွေ့ပါသည်။ ဦးနု နှင့် ပေါင်းပြီး ဆိုရှယ်လစ် ထိပ်သီး ဗိုလ်အားလုံးကို နေ၀င်းက တပ်မှ ထုတ်ပါသည်။ သံအမတ်၊ စစ်သံမှူးခန့်၍ ပြည်ပ ပို့ပါသည်။ (နိုင်ငံရေးအာဏာမမြဲခင်က လုပ်နည်းပါ။ အာဏာမြဲတော့ တပ်မှထုတ်သူကို ထောင်ထဲပို့ ပါသည်။)
ဆိုရှယ်လစ်အုပ်စုမှ နေ၀င်းစစ်အုပ်စုသို့ အလှည့်အပြောင်း
ဆိုရှယ်လစ်ဗိုလ်များကို တပ်မှထုတ်ရသည်မှာ မလွယ်ပါ။ ဗိုလ်အောင်ကြီး သစ္စာဖောက်မှု နှင့် ဦးနုကို အယုံသွင်းနိုင်မှု ကြောင့် လုပ်နိုင်ခြင်း ဖြစ်ပါသည်။
ဗိုလ်နေ၀င်း၏ လုပ်ဟန်မှာ တခုကို ထိုးနှက်ဖို့ တခုကိုကပ်ခြင်း ဖြစ်သည်။ သူ့တွင် ကိုယ်ပိုင် နိုင်ငံရေးသြဇာ မရှိမှန်း၊ ပုဂ္ဂလိကစရိုက် မကောင်းမှန်း သူကိုယ်တိုင် သိပါသည်။ ထို့ကြောင့်ပင် အမှီရှာရသည်။ ဆိုရှယ်လစ်ဗိုလ်များကို ဖြုတ်စဉ် ဦးနုကို မှီရသည်။
ဦးနုကို မည်မျှကပ်၍ ပလီခဲ့သနည်း ဆိုသည်ကို အတိအကျမသိပါ။ သို့သော် ဦးနုကို အယုံသွင်းနိုင်ခဲ့သည်မှာ သေချာသည်။ ၁၉၆၂၊ မတ်လ ၂ ရက် ညက အဖမ်းခံနေရသော ဦးနုက ဗိုလ်နေ၀င်းအတွက် ပူပင်ခဲ့ရရှာသည်။ ဗိုလ်နေ၀င်းကိုပါ ဆိုရှယ်လစ်စစ်အုပ်စုက ဖမ်းထား ပြီဟု ထင်ခဲ့ရှာသည်။
ပထစများ `၁၉၆၀ ရွေးကောက်ပွဲ´ အောင်ပွဲရသောအခါ ၀န်းကြီးချူပ်ဦးနု၏ အိမ်အတွင်း မဏ္ဍပ်ကြီးထိုးပြီး အောင်ပွဲခံကြသည်။ တဦးပြီး တဦးထပြီး ဆိုရှယ်လစ် စစ်ဗိုလ်များ၏ ဘက်လိုက်မှုကို စွဲချက်တင်ကြသည်။ ဆိုရှယ်လစ်စစ်ဗိုလ်များ ဦးစီးသည့် တပ်မတော်ကို အဓိကရန်သူ ဟု ကြေညာကြသည်။ (ဤသို့ပြောနေကြသည်ကို ဦးနုက သူမကြားပါ၊ မသိပါဟု ဗြောင်လိမ်သည်။ အသံချဲ့စက်ဖြင့် အော်နေပြီး သတင်းစာတွေထဲ ပါနေသည်ကို မုချသူသိရမည်။)
ဗိုလ်နေ၀င်းအတွက်တော့ ဆိုရှယ်လစ်ပါတီကို သစ္စာဖောက်ရမည့် အချိန်ကောင်းမှန်းသိသွားပါသည်။ ထို့ကြောင့် ဆိုရှယ်လစ် စစ်ဗိုလ်များကို အစုလိုက် ထုတ်ပစ်လိုက်သည်။ ဗိုလ်တယောက်က နေ၀င်းကို ငိုယိုတောင်းပန်သည်ဟု ကြားရသည်။ နေ၀င်း၏ စရိုက်သည် လူမိုက်ဂိုဏ်း ဂိုဏ်းချူပ်၏ စရိုက်ဖြစ်သည်။ ရက်စက်စရာရှိလျှင် သူမတူအောင်ရက်စက်သည်။ ကတိကို လွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်သည်။ စကားကို တောင်စဉ်ရေမရပြောပြီး လူတွေကို လှည့်စားသည်။ ဆိုခဲစေမြဲစေမဟုတ်။
၁၉၆၂ တွင် နိုင်ငံရေးအာဏာကို ရလိုက်သော်လည်း နိုင်ငံရေးတည်ငြိမ်မှု မရှိပါ။ ဦးနု နှင့် အပေါင်းအပါများကို ထောင်ထဲထည့်ထား နိုင်သော်လည်း ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ငြိမ်အောင် မလုပ်နိုင်သေးပါ။ ကျောင်းသားများ `ဗကသ´ ကလည်း ၇ ရက်ဇူလိုင်တွင် အားစမ်းခဲ့သည်။ အကြမ်းဖက်နှိမ်နင်းနိုင်သော်လည်း စစ်အုပ်စု သွေးလန့်နေသည်။ (ယခုအထိ တရားခံလွဲချနေသည်ကို ကြည့်ပါ။)
ကျောင်းသားများသည် အခြေခံအားဖြင့် လက်ဝဲအင်အားစုများဖြစ်ရာ သူတို့ကို ချွေးသိပ်ဖို့လိုသည်။ လက်ယာအင်အားစု ဗဆွေ၊ ကျော်ငြိမ်း တို့ကို ထောင်ထဲပို့ရန်လိုသည်။ မိမိ အနီးမှ နံပါတ် (၂) ဗိုလ်အောင်ကြီးကလည်း ဦးဗဆွေတို့ နှင့် ခြေရှုပ်နေသည်။ ဆိုရှယ်လစ် ဗိုလ်ဟောင်းများလည်း နိုင်ငံခြားရောက်၊ နိုင်ငံခြားအဆက်အသွယ်ရှိနေသည်။ စိတ်မချရ။ မောင်မောင်၊ အောင်ကြီး ဆိုရှယ်လစ်စစ်အုပ်စု ပြန်ပေါ်နိုင်သည်။
မြီရှင် ဂျပန်ကလည်း စစ်တပ်က အာဏာ ရေရှည်သိမ်းမထားရန် တိုက်တွန်း နေသည်။ အိမ်နီးချင်း တရုတ်ပြည်ကလည်း ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဗကပ နှင့် စေ့စပ်ဆွေးနွေးရန်တိုက်တွန်းနေသည်။
ဤသို့ဖြင့် အကြံသမားနေ၀င်းသည် လက်ဝဲနှင့်ပေါင်းပြီး လက်ယာကို ထိုးနှက်ရန် `စေ့စပ်ပွဲဆွေးနွေးပွဲ´ လုပ်ခဲ့ပါသည်။
ဗကပ နှင့် ဆွေးနွေးပွဲလုပ်ရန် အပူတပြင်း လိုအပ်နေသဖြင့် (ဒါမှ ဗဆွေ၊ ကျော်ငြိမ်း နဲ့ အပေါင်းအပါတွေ ထောင်ထဲထည့်နိုင်မယ်) အလျှော့ပေးမှုများ လုပ်ပါသည်။ သူ့အသံလွှင့်ဖိတ်ခေါ်ချက်ကိုပင်တည်းဖြတ်ခွင့် ပေးပါသည်။ တရုတ်ပြည်ရောက် ခေါင်းဆောင်များကို ပြန်လာခွင့်ပေးပါသည်။ ဗိုလ်ဇေယျ၊ သခင်ဗသိန်းတင်တို့နှင့် နှစ်ကိုယ်ကြား စကားများပြောပါသည်။ သခင်သန်းထွန်း နှင့် `ယုံကြည်မှု တည်ဆောက်´ ပါသည်။
ဆွေးနွေးပွဲ အောင်မြင်၍ ဗကပ သာ ရန်ကုန်ရောက်လာလျှင် သူတို့ ထူထောင်သည့် မဆလပါတီကို လွဲအပ်ပေးတော့ မယောင်ယောင်၊ သူက တပ်သို့ပြန်ပြီး နိုင်ငံရေးထဲ ၀င်မစွက်တော့ မယောင်ယောင်ပြော၍ မှာပါသည်။ ( သခင်သန်းထွန်း၏ ၂၀၊၈၊၆၃ ရက်စွဲပါ
နေ၀င်းထံပေးစာကြည့်)
သခင်သန်းထွန်းသည် ဦးသိန်းဖေမြင့်လို ပြောတိုင်းယုံသူမဟုတ်ပါ။ လက်တွေ့နိုင်ငံရေးတွင် ကျွမ်းကျင်သူဖြစ်ပါသည်။ ထို့ကြောင့် ခြေလှမ်းပေါင်း မြောက်မြားစွာလှမ်းပြီး နေ၀င်းကို အကဲစမ်းပါသည်။ ရဲဘော်ဌေးခေါင်းဆောင်သည့် ပဏာမကိုယ်စားလှယ်အဖွဲ့ လွှတ်ပါသည်။
ဗိုလ်နေ၀င်းသည် သူထောင်ထဲထည့်ချင်သောသူများကို ထည့်နိုင်ပြီး တိုင်းပြည်တခုလုံးကိုလည်း `ငြိမ်းချမ်းရေး´ `လှည့်ကွက်ဖြင့်´ ဖမ်းစားထားနိုင်သဖြင့် ပေါ်လစီချက်ချင်းပြောင်းကာ စေ့စပ်ဆွေးနွေးပွဲကို ဖျက် လက်ဝဲအင်အားစုများကို ဖမ်းလုပ်ပါသည်။ `ငါးမရလည်း ရေချိုးပြန်မယ်´ ဟု သဘောထားကာ စေံစပ်ရေးလုပ်ခဲ့ခြင်းဖြစ်သည်။ ဗဆွေ၊ ကျော်ငြိမ်း နဲ့ အပေါင်းအပါများ ထောင်ထဲထည့်ပြီးပြီဖြစ်၍ ရေချိုးပြီးပြီ။ ထို့ကြောင့် စေ့စပ်ဆွေးနွေးပွဲကို ဖျက်ပါသည်။
နေ၀င်စစ်အုပ်စု လုပ်ဟန်သည် လှည့်ကွက်လုပ် အချိန်ဆွဲရေး၊ အဆင်ပြေသလိုစခန်းသွားရေးဖြစ်ပါသည်။ ဗိုလ်နေ၀င်း၏ တပည့်သားမြေးများလည်း ဤအတိုင်းပင်လုပ်နေပါသည်။
သူတို့ကား ပြည်ချစ်နိုင်ငံရေး သမားများမဟုတ်ပါ။ နိုင်ငံရေးအာဏာကို တပ်မက်သော စစ်ဗိုလ်များသာဖြစ်ပါသည်။
နိုင်ငံရေးသမားကွဲလျှင်လူထုထောက်ခံမှုရရန် နိုင်ငံရေးအရ အပြန်အလှန် စွဲချက်တင်ကြပါသည်။ (၁၉၄၆ ဖဆပလ ကွန်မြူနစ် အကွဲ နှင့် ၁၉၅၈ ဖဆပလ အကွဲကို ကြည့်)
အာဏာသိမ်းစစ်ဗိုလ်များကွဲလျှင် အပြန်အလှန်စွဲချက်မတင်ပါ။ ပုတ်သင်ဥပေါ်မည် စိုးကြပါသည်။ နိုင်ငံရေးအရ ကွဲခြင်းမဟုတ်၍ ပြောစရာလည်း မရှိပါ။ ပြောဖို့လိုသည်လည်း မထင်ပါ။ သူတို့သည် လူထုထံမှ မဲတောင်းမည့်သူများမဟုတ်၍ လူထုကို ရှင်းလင်းတင်ပြနေစရာမလိုဟု သဘောထားပါသည်။ လူထုဆိုသည်မှာ အာဏာဖြင့် ငြိမ်-၀ပ်-ပိ-ပြား အောင်လုပ်ထားရမည့် သူများ ဟု သာ ယူဆကြပါသည်။
သူတို့သည် နိုင်ငံရေးအာဏာကို သိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွစ အခါက အကြမ်းဖက်နှိမ်နင်းခဲ့သည်။ နှိမ်မရဘဲ လူထုနှင့် မျိုးချစ်ပြည်ချစ်တပ်မတော်သားများ ပူးပေါင်းမိမလိုဖြစ်သွားသည်။ ဤကိစ္စတွင် မျိုးချစ်တပ်မှူးဟောင်းများ၏ အခန်း အရေးပါသည်။
သူတို့သည် ဗိုလ်အောင်ဆန်းလို နိုင်ငံရေးသမားမှ စစ်ဗိုလ်ဖြစ်လာသူများ န၀တ-နအဖ စစ်အုပ်စုတွင် မရှိပါ။ နေ၀င်းက နိုင်ငံရေးစစ်ဗိုလ်ကို အပြတ်ရှင်းထားပြီးဖြစ်သည်။ ကြေးစားစစ်ဗိုလ်များကို မျိုးဆက်သစ်အဖြစ်ရွေးပြီး စစ်တပ်အာဏာအပ်ခဲ့ပြီး ဖြစ်ပါသည်။
န၀တ-နအဖသည် နေ၀င်းစစ် အုပ်စု ပထမခေတ်ကလို နိုင်ငံရေးကစားရန် မလိုပါ။ ထို့ကြောင့် တိုင်းရေးပြည်ရေး၊ နိုင်ငံရေး စကားမပြောပါ။ (ငြိမ်းအဖွဲ့ များကို တို့နိုင်ငံရေးသမားမဟုတ်ဘူး၊ နိုင်ငံရေးစကားလာမပြောနဲ့၊ နိုင်ငံရေးအစိုးရဖြစ်မှ ပြောကြဟု အမြဲတမ်း နှုတ်ပိတ်ပစ်လေ့ရှိပါသည်။)
သူတို့အလေးထားသည်မှာ `နိုင်ငံရေးအာဏာပြဿနာ´ ဖြစ်ပါသည်။ `နိုင်ငံရေးအာဏာ´အတွက်ပင် ဒီချူပ်နှင့် စကားပြောနေခြင်းပင် ဖြစ်ပါသည်။`နိုင်ငံရေးအာဏာ´တွင် ဒီချူပ် နှင့် နအဖ `နိုင်ငံရေးအာဏာ´ကို မည်သူက ကိုင်တွယ်မလဲဆိုသော ပြဿနာကို မရှင်းနိုင်သမျှ ဘာမှဖြစ်မြောက်မည် မဟုတ်ပါ။
ဗိုလ်နေ၀င်းသည် အာဏာပိုင်ရှင် အစစ်အမှန်သည် ပြည်သူလူထုဖြစ်သည်ဟု ပြောဝံ့ပါသည်။ နောက်မှ လုပ်ချင်ရာ လုပ်ပါသည်။ သူလည်း တခါက နိုင်ငံရေးသမားစစ်ဗိုလ်ဖြစ်ခဲ့သောကြောင့်ပါ။
ယခု `ကြေးစားစစ်အုပ်စု´ မှ ဤသို့ပင် မပြောဝံ့ပါ။ သူတို့က ပို၍လက်တွေ့ကျပါသည်။ သူတို့ရေးထားသော အခြေခံဥပဒေကို ဒီချူပ်သို့ အတင်းထိုးပေးနေပါသည်။ ဒီချူပ် နှင့် နအဖ အကြားမှ ပြဿနာမှာ ယုံကြည်မှုတည်ဆောက်ရေး ပြဿနာ မဟုတ်ပါ။ `နိုင်ငံရေး အာဏာ ပြဿနာ´ (အခြေခံဥပဒေ ဘယ်သူဆွဲမလဲ ဘယ်လိုဆွဲမလဲ ပြဿနာ) ဖြစ်ပါသည်။ လက်တွေ့ အာဏာကိုင်ထားသူ က အဓိကလား- မဲဆန္ဒအရ၊ တရားဥပဒေအရ အာဏာပိုင်ခွင့်ရသူက အဓိကလား- ဆိုသော ပြဿနာ ဖြစ်ပါသည်။
ဒီချူပ်ဆုံးဖြတ်ချက် (၇)ချက်မှာ တောင်းဆိုချက်ချည်းဖြစ်ပါသည်။ တောင်းနေရသူသည် အာဏာပိုင် မဟုတ်ပါ။
၂၅ ရာခိုင်နှုန်း ဒီလောက်လိုချင်လှတာ ပေးလိုက်ပါဟု ပြောသူများသည် `နိုင်ငံရေးအာဏာ´သဘော နားမလည်သူများ ဖြစ်ပါသည်။
စစ်အုပ်ချူပ်ရေးမှ ဒိုင်အာခီ -၉၁ ဌာန အုပ်ချူပ်ရေးသို့ တဆင့်ချင်းသွားသော နှစ် (၅၀)ကျော် အင်္ဂလိပ် လုပ်ခဲ့သည့်နည်းကို `ကြေးစားစစ်အုပ်စု´ လုပ်နေခြင်းဖြစ်ပါသည်။ ၉၁ ဌာန အုပ်ချူပ်ရေးတွင် ၂၅ ရာခိုင်နှုန်းကို အင်္ဂလိပ်က မယူပါ။ အမတ်နေရာအားလုံး ၁၃၂ မှာ ကုလား အမတ်(၈)၊ အင်္ဂလိပ်အမတ်(၃) နဲ့ အင်္ဂလိပ်ကပြား (၂)ယောက်ကိုပဲ အပိုင်ယူထားသည်။ ထိုအမာခံအမတ်များ နှင့် လွှတ်တော်ကို ချယ်လှယ်သွားပါသည်။ ၁၉၃၈ မှ ၁၉၄၁ အထိ သုံးလေးနှစ်အတွင်း အစိုးရအဖွဲ့ (၃)ဖွဲ့ပြောင်းစေခဲ့ပါသည်။ (ဒေါက်တာ ဗမော်၊ သယာဝတီဦးပု၊ ဂဠုန်ဦးစော) ဘုရင်ခံက ဗီတို ကိုင်ထားပါသည်။ ယခုစစ်အုပ်စုက ဗီတို အာဏာယူထားပါသည်။
ဗကပ က `အာဏာပြဿနာကို´ လွယ်လွယ်မစဉ်းစားပါ။ ဗိုလ် (ဒေါက်တာ) မောင်မောင် အချိန်ဆွဲနေစဉ်က စစ်အုပ်စုက စစ်ရေးပြင်ဆင်မှုများ ကျိတ်ပြီးလုပ်နေသည်ကို ဗကပ ကိုယ့်နည်းနှင့်ကိုယ် သိနေခဲ့ပါသည်။ ဗိုလ် (ဒေါက်တာ) မောင်မောင်ပြောတာ လက်ခံလိုက်ရင် အကောင်းသားဟု တစ်ချို့ပြောနေသံကြားရပါသည်။ နအဖ ပေးသလောက် နှင့် တင်းတိမ်လိုသောသူများထံမှ အာဘော်ဖြစ်ပါသည်။
နအဖ အချိန်ဆွဲနေပါသည်။ တဖက်က စစ်တပ်ကို ပြင်နေပါသည်။ အကောင်းဘက်ဖြစ်နိုင်သလို အဆိုးဘက်သို့ သွားနိုင်ပါသည်။
`နိုင်ငံရေးအာဏာ´ပြဿနာ မပြေလည်သမျှ ဘာကိုမှ စိတ်ချ၍မရပါ။ `နိုင်ငံရေးအာဏာ´ ပြဿနာ ပြေလည်ဖို့
(၁) စစ်အုပ်စု (နအဖ)ကို ဖျက်သိမ်းရမည်။ နောက်ထပ် `န´ တလုံး (န၀တ၊ နအဖ အပြီးတွင် နိုင်ငံတော်ဖြင့်စသော အဖွဲ့တဖွဲ့) မလိုတော့ပါ။
(၂) စစ်အစိုးရ ဖျက်ရမည်။ ဒီမိုကရေစီအစိုးရဖြင့် အစားထိုးရမည်။
(၃) တပ်မတော်ကို ပြုပြင်ရမည်။
ဤသုံးခု မရှိလျှင် စိတ်မချရပါ။ ဗိုလ်နေ၀င်းမရှိရုံမျှဖြင့် စစ်အုပ်စု ပျောက်မသွားနိုင်ပါ။ ပြည်သူများ သတိရှိရမည်ဖြစ်ပါကြောင်း။ ။
ဒီချူပ် နှင့် နအဖ `နိုင်ငံရေးအာဏာ´ကို မည်သူက ကိုင်တွယ်မလဲဆိုသော ပြဿနာကို မရှင်းနိုင်သမျှ ဘာမှဖြစ်မြောက်မည်မဟုတ်ပါ။